Welcome! မင်္ဂလာပါ
Blog Post
အတူတူနေကြတဲ့အခါ
လူဖြစ်စေ တိရစ္ဆာန်ဖြစ်စေ ငှက်ဖြစ်စေ နာနာဘာဝတွေဖြစ်စေ များသောအားဖြင့် အုပ်စုလိုက် အသင်းဖွဲ့လိုက် နေထိုင်ကြရပါတယ်။
အသင်းအဖွဲ့ဆိုတဲ့နေရာမှာ မိသားစု မျိုးတူစု ဆွေမျိုး မိတ်ဆွေ လုပ်ငန်းတူ ဋ္ဌာနတူစတဲ့ အစုအစုလေးတွေအားလုံးပါဝင်ပါတယ်။ ဒီလိုနေထိုင်ကြတဲ့အခါမှာ ဘာတွေဖြစ်ပေါ်လာတတ်ကြသလဲဆိုတော့ ရှောင်လွဲမရနိုင်တဲ့ ချစ်ခြင်းမုန်းခြင်းတွေပါဘဲ။
diversity3
အိုးချင်းထား အိုးချင်းထိ ကြိုးချင်းထား ကြိုးချင်းညှိဆိုသလို မြင်ပါများတော့ ချစ်ကျွမ်းဝင်တတ်ကြတာဟာ ဓမ္မတာတစ်ခုပါ။ ဒါပေမဲ့ နီးစပ်မှုကြောင့် ချစ်မေတ္တာတွေသာ ပေါက်ဖွားလာတတ်ကြတာ မဟုတ်ပါဘူး။
မြင်ပါများတော့ ပြယ်ဆိုသလို ချစ်ခြင်းတွေပြယ်ပျောက်ပြီး မုန်းတီးမှုတွေလဲ ဖြစ်တတ်ကြပါတယ်။ ကိုယ့်ရဲ့  အချစ်ဆုံးဇနီးမယားကိုတောင်မှ အနီးကပ်ဆုံးအကြီးမားဆုံးရန်သူတဲ့။ ဇာတ်တော်နိပါတ်တော်တွေမှာ အဲဒီလို ဆိုထားတယ်။ ပြီးတော့ နီးလွန်းတော့ ရန်တွေဖြစ် ဝေးသွားတော့ လွမ်းကျန်ရစ်ဆိုတာလဲ ရှိသေးတယ်။
ဘာကိုမှ ကြည့်မနေပါနဲ့။ အိမ်နီးချင်းနိုင်ငံတွေကိုဘဲ ကြည့်ပါ။ တစ်ခါတစ်ခါ အဆင်ပြေလိုက်။ တစ်ခါတစ်ခါ တိုက်မယ်ခိုက်မယ်လုပ်လိုက်နဲ့။ ပြောင်းလဲမှုတွေလေ။ အဲဒါ နီးစပ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတွေပေါ့။
ကျနော်အပါအ၀င် မြန်မာလူမျိုးတွေရဲ့ အားနည်းချက်တစ်ခုက အစမှာ အရမ်းကောင်းတတ်ပြီး ကြာလာရင်အချင်းချင်း အပြစ်မြင်လာကြပြီး စည်းလုံးမှု မရှိကြတော့တာပါဘဲ။
စည်းလုံးမှုမရှိတာထက် ဆရာအတင်မခံချင်ကြတာက ပိုများမယ်ထင်တယ်။ မရှိသင့်တဲ့မာနတွေရှိတတ်ကြပြီး မယောင်ရာဆီလူးတတ်ကြပါတယ်။ အလုပ်ကို တကယ်လုပ်တာထက် လူကြီးရောက်လာမှ မျက်နှာသာရအောင် လုပ်ပြတတ်တာ များပါတယ်။ စေတနာနှင့်လုပ်ရမဲ့အလုပ်ကို မာနတွေတစ်သီကြီးနဲ့ ဟန်ပါပါ မာန်ပါပါ မဏ္ဍပ်တိုင်တက်ပြပြီး ငါတကောလုပ်ပြတတ်ကြတာလဲ ဒုနဲ့ဒေးပါဘဲ။ ပြီးတော့ အလုပ်လုပ်တာထက် နာမည်ရချင်တာက ပိုများတတ်ပါတယ်။ တာဝန်ကို ခေါင်းရှောင်တတ်ပြီး အခွင့်အရေးကို လုယူတတ်ကြသူတွေလဲ မမြင်ချင်အဆုံးမဟုတ်လား။
လူမှန်ရင် အရည်အချင်းတစ်ခုစီလောက်တော့ အနည်းဆုံးပိုင်ဆိုင်ထားတတ်ကြပါတယ်။ တစ်ခုခုဘက်မှာ အားနည်းနေတဲ့အတွက် အထင်သေးစရာမလိုသလို တစ်ဘက်ဘက်မှာ အားသာနေသူကိုလဲ အရမ်းကြီး အထင်ကြီးစရာမလိုပါဘူး။ ကျနော်ကိုယ်တိုင်က ကိုယ့်ထက်(ပညာရေးဘက်မှာ)သာလွန်တဲ့သူတွေကို အရမ်းအထင်ကြီးတတ်တဲ့ရောဂါရှိနေသူ တစ်ယောက်ပါ။ ဒါပေမဲ့လဲ.. အချိန်ရဲ့  စေ့ဆော်မှုကြောင့် အဲဒီရောဂါကတော့ မှုန်ဝါးသွားသလောက်ဖြစ်နေပါပြီ။ ဆိုလိုတာကတော့ အထင်ကြီးရုံအဆင့်လောက်ဘဲ ရှိပါတော့တယ်။ အရမ်းကြီး အထင်ကြီးတတ်တဲ့အဆင့်မှာ မရှိတော့ပါဘူး။
အဲဒီလိုဆိုတော့…
အတူတူနေထိုင်ကြတဲ့အခါ ဘာတွေလိုအပ်သလဲ။
အထူးသဖြင့် အခြေအနေအရ နိုင်ငံရပ်ခြားမှာ၊ မိဘနှင့်ဝေးတဲ့နေရာတွေမှာ နေထိုင်ကြတဲ့သူတွေအဖို့ ပိုအရေးပါပါတယ်။ အခြားသူတွေနဲ့ အတူနေရတဲ့အခါမှာ အပြုသဘောဆောင်တဲ့ ဆက်ဆံပေါင်းသင်းမှုအတွက် ဘာတွေလိုအပ်ပါသလဲ။ ကျနော့်အတွေ့အကြုံအရရော သီအိုရီအရပါ ကောက်ချက်ကလေးတွေ ဆွဲကြည့်မိတယ်။
၁။ကိုယ်ဘာကြိုက်တတ်သလဲဆိုတာထက် သူများတွေ ဘာမကြိုက်တတ်ဘူးလဲဆိုတာကို စဉ်းစားပါ။
၂။ကိုယ်ဘာမကြိုက်တတ်ဘူးလဲဆိုတာထက် သူများတွေဘာကြိုက်တတ်သလဲဆိုတာကို တွေးခေါ်ပါ။
၃။ကိုယ်လုပ်တဲ့အလုပ်မှအကောင်းထင်ပြီး သူများလုပ်တဲ့အလုပ်ကို မကောင်းမမြင်ပါနဲ့။
၎။ကိုယ်တိုင်ကောင်းမှုမလုပ်နိုင်ရင်နေပါစေ။ သူများတွေကောင်းမှုလုပ်နေတာကို မကောင်းမထင်ပါနဲ့။
၅။ကိုယ့်ရဲ့ အပြုအမူဟာ တစ်ဖက်လူအပေါ်ကြောသလိုဖြစ်နေသလားဆိုတာကို ဆင်ခြင်ပါ။
၆။တစ်ဘက်လူရဲ့ အပြုအမူဟာ ကိုယ့်အပေါ်ကြောသလိုဖြစ်နေရင် တစ်ဖက်လူနားလည်အောင် ယဉ်ယဉ်ကျေးကျေး ညှိနှိုင်းပြောဆိုပါ။
၇။အချင်းချင်းအရွဲ့မတိုက်ပါနဲ့။
၈။အချင်းချင်းအထင်မသေးပါနဲ့။
၉။အချင်းချင်းပိုင်နက်(ပိုင်နက်အမျိုးမျိုးရှိသည်)ကို မကျူးကျော်ပါနဲ့။
၁၀။အချင်းချင်းရဲ့ အသေးအဖွားအပြစ်များကို ဥပေက္ခာပြုပေးလိုက်ပါ။
၁၁။ကိုယ့်ဗီဇကို နှလုံးသွင်းပါ။
၁၂။သူ့ဗီဇကို နားလည်ပေးပါ။
၁၃။ပတ်ဝန်းကျင်နှင့်အညီ Common sense ကို ပြုစုပျိုးထောင်ပေးပါ။
၁၄။လူတိုင်း မာနကိုယ်စီရှိတယ်ဆိုတာကို မမေ့ပါနဲ့။
၁၅။ဖြစ်နိုင်ရင် အချင်းချင်းကြိုတင်ပြီး နားလည်မှုယူထားကြရင် အကောင်းဆုံးပါဘဲ။
ဘုတ်ကျီးရိုသေ၊ ကျီးဘုတ်ရိုသေသဘောမျိုးထွေးပိုက်ပြီး တစ်လှေထဲစီး တစ်ခရီးထဲသွားသူချင်းအတူတူ အထက်က အချက်အလက်တွေကို နှလုံးသွင်းပြီး အပြန်အလှန်နားလည်ခွင့်လွတ်ပေးကြရင် အတူတူနေထိုင်တဲ့အခါ ပိုအဆင်ပြေမှာသေချာပါတယ်။ အစကောင်းမှ အနှောင်းသေချာ လို့စကားပုံရှိပေမဲ့ အခုရှုပ်မှ နောင်ရှင်း ဆိုတဲ့စကားပုံက ပိုသက်ရောက်မှုရှိပါတယ်။ ဒါပေမဲ့ စစချင်း ဆောက်နဲ့ထွင်းတော့ မလုပ်သင့်ဘူးပေါ့လေ။ အစမှာ ညှိညှိနှိုင်းနှိုင်းကြိုလုပ်ထားကြဖို့ဆိုလိုတာပါ။ အဲဒီအတိုင်းပြုလုပ်ရင် အချင်းချင်းပဋိပက္ခတွေနည်းပါးသွားပါလိမ့်မယ်။ ပြီးတော့ ဘယ်အရာကိုဘဲ လုပ်လုပ် ညီညွတ်စွာလုပ်ဆောင်နိုင်ပြီး အောင်မြင်မှုတွေ ရရှိလာမှာ သေချာပါတယ်။
ဥာဏ်မှီသလောက်စိတ်ကူးတင်ပြပေးလိုက်ခြင်းရယ်ပါ။ ။ မိတ်ဆွေတို့ တွေ့ကြုံတာလေးတွေ၊ တွေးခေါ်မှုလေးတွေ၊ သင်ခန်းစားလေးတွေ ဒီထက်ပိုရှိခဲ့ရင်လဲ ထပ်ဖြည့်ပေးကြစေလိုပါတယ်။
အားလုံး ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင် ပျော်ပျော်ပါးပါး အတူတူနေထိုင်နိုင်ကြပါစေ။
ကိုကိုမောင် (ပန်းရနံ့ )
မေတ္တာရနံ့ သင်းပျံနိုင်ကြပါစေ
Comments (4)
  1. Than Naing April 24, 2010 at 10:47 am Reply
    ဆန္ဒစောသွားမိပါတယ်။
    ‘ အတူတူနေကြတဲ့အခါ ‘ ဆိုတဲ့ ဒီစာကိုဖတ်လိုက်ရတဲအချိန်မှာ ကျနော့်စိတ်ထဲတွေးမိလိုက်တာက ‘ လူတွေဟာ ကိုယ်လုပ်(ကိုယ်ကျင့်သုံး)ရမှာကိုမလုပ်ပဲ တစ်ခြားလူကိုလုပ်ခိုင်း(ဆရာလုပ်)တယ်လို့ထင်မိသွားပါတယ်။ သင်္ချာသဘောအရဆိုရင်လဲ အတူတူနေကြတဲ့သူတွေမှာ ဒီလိုကောင်းတဲ့အကျင့် ကျင့်သုံးတဲ့သူကအမြဲရှုံး(အခွင့်အရေး)ပြီး၊ ဒီကောင်းတဲ့အကျင့် မကျင့်သုံးတဲ့တစ်ဖက်လူကအမြဲအသာစီးရ(အကျိုးအမြတ်)တာမျိုး ဖြစ်တတ်လို့ပါ။
    ‘ အတူတူနေကြတဲ့အခါ ‘ ကို အကြိမ်ကြိမ်ဖတ်ကြည့်တဲ့အခါ စာရေးတဲ့ကိုကိုမောင် က ရိုးရိုးသားသားစေတနာနဲ့ ကောင်းတဲ့အသိသုတကို ဝေမျှထားတာကိုသိမြင်လာပါတယ်။
    ဆန္ဒစောပြီးဝေဖန်ခဲ့မိတာကိုစိတ်မကောင်းဖြစ်ရပါတယ်။
    ဘာသိဘာသာမနေခဲ့ပဲ သတိပေးဝေဖန်စာရေးခဲ့တဲ့ ကိုမျိုးထွန်း (LA) ကိုလဲကျေးဇူးတင်ပါတယ်။
  2. Myo Tun February 10, 2010 at 11:28 pm Reply
    Website တစ်ခုဖြစ်ဖို့ဆိုတာလဲ ခက်သား၊ တစ်ခါလာလဲ အကြောင်းအရာ အသစ်မရှိ၊ နောက်တစ်ခါလာလဲမရှိ၊ ခြောက်ကပ်နေမှာပေါ့၊ ကျွန်တော်တို့ Community အတွက် သင့်တော်မယ်ထင်တဲ့ အကြောင်းအရာလေးတွေဆိုရင် အရိုးသားဆုံး တွေးပြီးရေးပါ၊ ဖေါ်ပြပေးပါ။ ကျွန်တော်တို့ကတော့ ကြိုဆိုပါတယ်၊ ကျွန်တော့်လိုပဲ သူငယ်ချင်းတွေလဲ ရှိပါတယ်။ မတူဘူးဆိုတဲ့သူတွေလဲ ရှိနေမှာပါပဲ။ အခု အပေါ်မှာ Comment Section မှာရေးထားတဲ့ သူများကိုလဲ လေးစားပါတယ်။ အတွေးအခေါ်မတူတာကို မျက်စေ့ စုံမှိတ်ပြီး ဘူးခံငြင်းနေတာမဟုတ်ပဲ အကျိုးနဲ့ အကြောင်း ဘာကြောင့်လဲဆိုတာမျိုး ဝေဖန်ထောက်ပြထားရင် ဆွေးနွေးမှုဟာ အဓိပ္ပါယ်ရှိပါတယ်၊
    သာမာန်လူတွေမပြောနဲ့ ပညာရှင်များတောင်မှ “သတိမမူ ဂူမမြင်” “ပညာရှိ သတိဖြစ်ခဲ” စတဲ့ နိတိတွေနဲ့ သတိချပ်နေရချိန် ကျွန်တော်တို့ တွေမှာ ပိုပြီးတော့ မေ့လျောမှုတွေ မဆင်ခြင်မှုတွေ ပိုရှိနိုင်ပါတယ်။ ဥပမာ လမ်းဆုံတိုင်းမှာ “STOP” ဆိုတဲ့ဆိုင်း ဘာလို့ချိပ်ထားတာလဲ၊ ကျွန်တော်တို့တွေ လူကြီးတွေ၊ သိပြီးသားတွေပဲ ချိပ်စရာမှ မလိုတာ၊ NO.. သတိချပ်စေချင်လို သတိပေးထားတာပါ။ အခု ကိုကိုမောင်ဆိုတဲ့ သူ ရေးထားတဲ့ထဲမှာလဲ အတွေ့ အကြုံအရ သတိချပ်စေချင်လို့ စေတနာနဲ့ ရိုးရိုးသားသား ရေးထားတာပဲလို မြင်ပါတယ်။
    အလုပ်အကိုင်တွေ မအားလပ်တဲ့ကြားက လူမှုရေးလုပ်ငန်းတွေ စေတနာအရ လုပ်နေကြတဲ့ ဒီအဖွဲ့မျိုးကို ကျေးဇူးတင် အားပေးပါတယ်။ ကျွန်တော်တို့တွေ အပျက်ဖက်က မမြင်ပဲ၊ အပြုသဘော အဖြစ်သဘောနဲ့ တစ်ဦးကို တစ်ဦး လေးလေးစားစား ဆွေးနွေးကြရင် ပိုပြီး OK ဆိုပြေမှာပါ။ Idea မရှိပဲ အပျက်ဖက်က လိုက်ပြောနေတဲ့ သူတွေကိုလဲ မေ့ထားလိုက်လို့ရပါတယ်။ သြော် သူတို့ မှာ ဒီလောက် အတွေးအခေါ် မရှိရှာ လို့ပဲလေဆိုပြီး ခွင့်လွှတ်ပေးလိုက်ပါ။
    ကိုသာအေးပြောတဲ့ လောကနိတိထဲမှာ စေတနာဆိုတာ ရောင်ပြန်ဟပ်တယ် ဆိုတာ ပါပါတယ်။ အမှားပါရင်ခွင့်လွှတ်ပါ။ အပြုအဘောဆောင်တဲ့ အကျိုးရှိတဲ့ စာတိုင်းကို ဖတ်ဖို့ စောင့်မျှော်နေပါတယ်။
    မျိုးထွ​န်း (LA)
  3. Thar Aye February 9, 2010 at 11:29 pm Reply
    Hey, K k Mg
    Is it funny story or bossy story or what? If you write with your own idea, keep it up, one day you’ll be good writer. Otherwise, we have LAW KA NI Teat to read, only we need to follow them.
    PS: by the way, T Naing you are very good, better than Nwe Ja Thine.
  4. Than Naing February 8, 2010 at 1:28 pm Reply
    စိတ်ဝင်စားတယ်။
    ဒီစာကိုဖတ်လိုက်ရတော့ အရမ်းစိတ်ဝင်စားသွားတယ်။ ဘယ်သူက ဘာကြောင့် ဘယ်သူ့ကိုပြောတာ (သို့မဟုတ်)ဆုံးမတာလဲ?
    ဒီစာရေးတဲ့လူဟာ လူ့အသိုင်းအ၀ိုင်း လူ့အဖွဲ့အစည်းကိုစိတ်ဝင်စားတယ်လို့ယူဆရလို့ပါ။
    ကြောက်တယ်။
    ဒီစာမျိုးက အသက် သိက္ခာ သီလ သမာဓိ ပညာ တခုခုကြီးမြတ်တယ်လို့ အများကလက်ခံထားတဲ့ ပုဂ္ဂိုလ်များက တဦးချင်းကို၎င်း အစုအဖွဲ့ကို၎င်း အသိပညာပေးတာ ဆုံးမတာမျိုးဆိုတော့၊ Communityမှာဘာသတင်းလေးများထူးလဲလို့ Websiteလာကြည့်ပါတယ် ဘာရနံ့ကလာအငြိုငြင်လာပေးနေတာလဲလို့ ကျနော်လိုဘဲထင်သွားနိုင်တယ်။
    ကြုံလို့ပါ။
    ဒီမှာရေးထားတာတွေက လူအများသိပြီးသားတွေပါ။ လိုက်နာကျင့်သုံးတဲ့လူဖြစ်ဖို့ဘဲလိုတာပါ။ ဒီစာရေးတဲ့လူက ဒီအတိုင်းလိုက်နာကျင့်သုံးတယ်ဆိုရင်တော့ လူ့ပြည်မှာလူကောင်းတစ်ယောက်တိုးတာပေါ့။
    ကြုံလို့ ရေးတဲ့လူကလဲကိုယ်မဟုတ်တဲ့အခြားလူတစ်ယောက်အကြောင်းသိချင်မယ်ထင်လို့ပါ ကျနော်ကတော့ ကောင်းတဲ့ အသိ အတတ် အလိမ္မာ သီအိုရီ အဆုံးအမ ဘယ်ကရရချက်ချင်းကိုယ်ထဲသွင်းလိုက်တယ် ချက်ချင်းလိုက်နာကျင့်သုံးတယ်။ အချို့ကိစ္စတွေမှာ သမာဓိအားနဲနေသေးလို့ချက်ချင်းမကျင့်သုံးနိုင်သေးရင်လဲ အဲဒီကောင်းတဲ့အကျင့်ကိုကျင့်သုံးဖို့ ခေါင်းထဲမှာရော ရင်ထဲမှာရော အဆင်သင့်ရှိတယ်။
    New Yorkသွားမဲ့ခရီးမှာ LAသွားမဲ့လေယာဉ်ပေါ်တက်ပါဆိုရင်တော့ ၀မ်းနည်ပါတယ်NO။
Leave a Reply
Your email address will not be published. Required fields are marked *
Related Posts
Literary Event 2019 Banner
2019 ဖလော်ရီဒါ စာပေဟောပြောပွဲ မှတ်တမ်း
မြန်မာပြည်မှ ရောက်ရှိနေသော စာရေးဆရာများဖြစ်ကြတဲ့ ဆရာချစ်ဦးညို–ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)နှင့် ဆရာ ညီပုလေးတို့ ၃ ဦး၏ စာပေဟောပြောပွဲကို အောက်တိုဘာ ၂၀ ရက်နေ့ မှာ ဖလော်ရီဒါ(တောင်ပိုင်း)ရောက်မြန်မာမိသားစုများက
Myanmar New Year Water Festival Thingyan in South Florida United States 2019 Easter Sunday
2019 S. Florida Water Festival နှစ်သစ်ကူး အတာသင်္ကြန်
ဧပရယ် ၂၁ရက် | Easter Sunday 2019 Florida တောင်ပိုင်း မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ကို သီတဂူဘုန်းကြီးကျောင်းမှာ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ဘုန်းကြီးကျောင်း
DV Form အတွက်ဓါတ်ပုံ တည်းဖြတ်နည်း
အမေရိကန်ပြည်ထောင်စုမှာ လာရောက်အခြေချဖို့ နှစ်တိုင်း မဲဖေါက်ပေးတဲ့ DV lottery အစီအစဉ်ကို လူတိုင်းသိကြပါတယ်။ ဒါပေမယ့် 600px-600px လို့ သူတို့တောင်းထားတဲ့ ဓါတ်ပုံအတွက် ကိုယ်တိုင်မလုပ်တတ်တော့ အဆင်မပြေဖြစ်ကြတာတွေ
Western Union Myanmar Burma
Money Transfer
မြန်မာပြည်ကို နိုင်ငံခြားမှ ငွေပို့မှုအတွက် Western Union က တရားဝင် ဖွင့်လှစ်ထားကြောင်း ကြားရပါတယ်။ မြန်မာပြည်ဖက်မှာ ထုတ်ပေးတဲ့ ငွေဈေးကလည်း သင့်တင့်ပါတယ်။ ၀န်ဆောင်ခ နှုံးထားတွေကတော့ US$500 အတွက် $10.99
pirates_of_silicon_valley
Pirates of Silicon Valley
Paul Freiberger and Michael Swaine တို့ ရေးသားထားတဲ့ စာအုပ်ကို အခြေခံပြီး Apple Computer နဲ့ Microsoft သမိုင်းကြောင်းကို
Bill-Gates-and-Steve-Jobs.png
D5 Conference (Steve Jobs & Gates)
Microsoft Chairman Bill Gates ,  Apple CEO Steve Jobs တို့နှင့် Interview အစီအစဉ်ကို wall Street
ဥပဒေရေးရာဟောပြောပွဲမှ သတင်းကောင်းများ
ဥပဒေရေးရာဟောပြောပွဲမှ သတင်းကောင်းများ   လေးစားအပ်သောUNOBအဖွဲ့ဝင်များ၊ မြန်မာတိုင်းရင်းသားမျိုးနွယ်စုဝင်များ၊ Website ပရိဿတ်များခင်ဗျား – မြန်မာတိုင်းရင်းသားမျိုးနွယ်စုများအသင်း၏အစီအစဉ်ဖြင့် အမေရိကန်ပြည်ထောင်စု Federal Franchise ဥပဒေ များနှင့် လူဝင်မှုကြီးကြပ်ရေးဥပဒေများ၊ အခြားသိသင့်သိထိုက်သောဥပဒေများကို  New
Dedicated Song to UNOB by Lashio Thein Aung
  Composed and Performed by The Great Legendary Jimmy Jack ( Lashio Thein Aung )